မိုင်းခုတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု ကျေးရွာအားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ(၁:၀၀) နာရီအချိန်က ၂၀၂၃ခုနှစ် ခရစ္စမတ်(အကြို) အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့်အဖွဲ့များ၊ ကျေးလက်ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ဒီဇင်ဘာ (၈)ရက်နေ့မှ ဒီဇင်ဘာ(၁၄) ရက်နေ့အထိ အသင်း(၇)သင်းတို့က (၇)ရက်တိုင်တိုင် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲသို့ မိုင်းလုံး-၁အသင်းနှင့် ရွှေလင်းယုန်အသင်းတို့ တက်ရောက်လာပြီး ဗိုလ်လုယှဉ်ပြိုင်ရာတွင် မိုင်းလုံး-၁အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကို(၃:၃၀)နာရီအချိန် စတင်ရာ မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပထမဆုရရှိသော အသင်းအားဒိုင်းဆု၊ ငွေသားကျပ်(၅)သိန်းနှင့်ရွှေဆွဲပြားကိုလည်းကောင်း၊ ဒုတိယဆုရရှိသော အသင်းအား ဒိုင်းဆု၊ ငွေသားကျပ်(၃)သိန်းနှင့်ငွေဆွဲပြားများကို အမှတ်(၅၈၀)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးစိုးသူရကလည်းကောင်း၊ တတိယဆုရရှိသော အမာနာအသင်းအား မိုင်းလုံးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်လူက ဒိုင်းဆု၊ ငွေသားကျပ်(၂)သိန်းနှင့် ကြေးဆွဲပြားများကိုလည်းကောင်း၊ အသန့်ရှင်းဆုံးအသင်းဆု၊ နှစ်သိမ့်ဆုရအသင်း(၃)ဆု၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု၊ နောက်တန်းအကောင်းဆုံးကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆုများကို သက်ဆိုင်ရာပုဂ္ဂိုလ်တို့က ဆုချီးမြှင့်ခဲ့ရာ ဆုရရှိသူများမှ အသီးသီးလက်ခံရရှိခဲ့ကြကြောင်း သိရှိရသည်။
သီတာအေး(ပြန်/ဆက်)