မိုင်းယောင်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ တာဝန်ပေးအပ်ထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မြို့မိ၊ မြို့ဖများက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၂၀၇) ဒသမ (၀၀၉) ဖြင့် Titan Sky ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော နောင်ခမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၁၉၇) ဒသမ (၀၁) သန်းဖြင့် မောမြေရှမ်းကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော ပလက်ဖောင်းပြုလုပ်ခြင်း၊ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)