ကျိုင်းလပ်မြို့၌ ခရစ္စမတ်(အကြို) ပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျိုင်းလပ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ခရစ္စမတ်(အကြို) ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ဝမ်လုံရပ်ကွက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရစ္စမတ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဆရာဦးစောသဝါဖလားမှ အဖွင့်အမှာစကားနှင့် ဆုတောင်းဆပ်ကပ်ခြင်းနှင့် ကော်မတီအတွင်းရေးမှူး ဦးသန့်ဇင်ထူးမှ ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းဖတ်ကြားခဲ့ပြီး အားကစားသမားများမှ အသီးသီးနေရာယူကာ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ၎င်းအခမ်းအနားသို့ မြို့နယ်ရဲမှူး၊ မြို့နယ်မြေစာရင်းဦးစီးအရာရှိနှင့် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား ၁၄-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ယှဉ်ပြိုင်ကြပြီး ဒီဇင်ဘာ(၂၀)ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ရာ ပိုက်ကျော်ခြင်းအသင်း(၁၃)သင်း၊ ဖူဆယ်ဘောလုံးအသင်း(၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)