ပူတာအို ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် မှီတင်းနေထိုင်ကြသည့် ရဝမ်တိုင်းရင်းသားများသည် ရဝမ်ဘာသာ စကားဖြင့် အဇီ(ခေါ်)လျှော်ပင်မှ ရရှိလာသည့် ချည်သားများဖြင့် ရိုးရာအဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ရက်လုပ်ဝတ်ဆင်မှုကို ရှေးဘိုးဘွား ခေတ်အဆက်ဆက်က အသုံးပြုလာခဲ့ရာ ယနေ့အထိပင်ဖြစ်သည်။
အဆိုပါ အဇီ(ခေါ်)လျှော်ပင်များကို မြန်မာနိုင်ငံတွင် ဉပဒေအရ မူးယစ်ဆေးဝါးအနေဖြင့် တားမြစ်ထားခြင်းကြောင့် ၎င်းအပင်မှ ရိုးရာအဝတ်အထည်များ ထုတ်လုပ်ရန်အတွက် လျှော်ပင်များကို ပေါ်ပေါ်ထင်ထင် စိုက်ပျိုးခြင်း မရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက် အသုံးပြုလာသော ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ရက်လုပ်သည့် လုပ်ငန်းကို ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရန်လည်း လျော့နည်းလာကြောင်း သိရသည်။
ရဝမ်တိုင်းရင်းသားများ၏ အဝတ်အထည်ရက်လုပ်ရာတွင် အဇီ(ခေါ်) လျှော်ပင်မှ ရရှိလာသော ချည်ကြမ်းများကို ချည်ချောအဆင့်ရရှိနိုင်ရေး အဆင့်ဆင့် ခွဲခြမ်းစိပ်ဖြာရသည်။ ထိုသို့ အဆင့်ဆင့် ခွဲခြမ်းစိပ်ဖြာပြီး ရရှိလာသော ချည်ကြမ်းများကို ရဝမ်ဘာသာစကားဖြင့် အိုဆယ်၊ အိုခါးခေါ်သည့် ရိုးရာပစ္စည်းများဖြင့် ကြိုးအဖြစ် ကျစ်လစ်အောင် အဆင့်ဆင့်လုပ်ယူရပြီး ချည်ကြမ်းမှတဆင့် ရရှိလာသော ချည်ချောများကို ရဝမ်တိုင်းရင်းသားများ၏ အသုံးအဆောင်ဖြစ်သည့် ရိုးရာ အဝတ်အထည်များ၊ ရိုးရာလွယ်အိတ်များ၊ ရိုးရာစောင်များ၊ ရိုးရာဒူးလေးကြိုးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ကာ အသုံးပြုလျက်ရှိသည်။
၎င်း အဇီ(ခေါ်)လျှော်ပင်ကို အမြင့်ပိုင်းဖြစ်သည့် ရေခဲတောင်ခြေ ခါးလန်ဒေသ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း (၄၀၀၀)ပတ်ဝန်းကျင်တွင် ဖေဖော်ဝါရီလမှ စတင်စိုက်ပျိုးနိုင်ပြီး မြေနိမ့်ပိုင်းဖြစ်သည့် ပူတာအိုဒေသတွင် ဇန်နဝါရီလမှ စတင်စိုက်ပျိုးနိုင်ကြောင်း သိရသည်။
အဆိုပါ အဇီ(ခေါ်)လျှော်ပင်ကို ချည်ထုတ်ယူရန်အတွက် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ခုတ်ယူရပြီး မျိုးစေ့အဖြစ် ထုတ်ယူလိုပါက ဒီဇင်ဘာလ အစေ့မှည့်ချိန်တွင် ခုတ်ယူကာ မျိုးအဖြစ် ထားနိုင်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)