နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များနှင့် တန်ဖိုးသင့် ထမင်းရောင်းချပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအတွက် ဝန်ထမ်းများ သက်သာချောင်ချိရေး တန်ဖိုးသင့်ထမင်းဆိုင်မှ ဝန်ထမ်းများအား ထမင်းနှင့်ဟင်းလျာများ ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဝက်သား၊ အမဲသား၊ ကြက်သား၊ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်း၌ ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများဝယ်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါစားသောက်ကုန်များ ရောင်းချရာတွင် ဒေသထွက် ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသဖြင့် ဝန်ထမ်းများ ဝယ်ယူမှုများပြားကြောင်း၊ ဆက်လက်၍ နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)