ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာသူများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်နှင့် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေများထောက်ပံ့

ဘားအံ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် နေရာဒေသအချို့တွင် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စုအတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူများ များအား သာမညရွှေဘုံသာကျောင်းဓမ္မာရုံ၌ ဆန်၊ ဆီ၊ စားသောက်ကုန်နှင့် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးဂရုစိုက်ကြစေလိုပြီး လိုအပ်ပါကသက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပို့အကူအညီတောင်းခံနိုင်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအား နီးစပ်ရာကျောင်းများသို့ တက်ရောက်ပညာသင်ကြားစေလိုပြီး ပညာရေးနောက်ကျမှုမဖြစ်စေရေး ပညာရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးထားပါကြောင်း၊ ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်း နေထိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သာမညကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁) လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် နောက်တိုးအိမ်ထောင်စု (၃၃၈)စု၊ လူဦးရေ(၁၃၀၇)ဦးအတွက် ဆန်(၁၆၉)အိတ်၊ ဆီ (၃၃၈)ဘူး၊ ခေါက်ဆွဲခြောက် (၃၃၈၀) ထုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင်တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ ၂၁၀၀ (နှစ်ထောင့်တစ်ရာကျပ်)နှုန်းဖြင့် စုစုပေါင်း ၂၇၄၄၇၀၀ (နှစ်ဆယ့်ခုနှစ်သိန်းလေးသောင်းလေးထောင်ခုနှစ်ရာကျပ်) တို့ကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ယာယီနေရပ်စွန့်ခွာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကာ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်များကြောင့် ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နီးစပ်ရာဆွေမျိုးများနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများသို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၂၅၄၃ စု၊ လူဦးရေ ၁၀၂၅၀ ဦးရှိပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ်အတွင်း ပြောင်းရွှေ့နေထိုင်သော ယာယီနေရပ်စွန့်ခွာသူများအား ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ ဆန်၊ ဆီနှင့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ယာယီပြောင်းရွှေ့နေထိုင်ရခြင်းသည် အခိုက်အတန့်သာဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေး အထူးဂရုစိုက်ကြစေလိုပြီး စည်းကမ်းနှင့်အညီ အေးအေးချမ်းချမ်း စုစုစည်းစည်းနေထိုင်ကြရန်၊ တာဝန်ရှိသူများ၏ပြောဆိုဆုံးမမှုကိုနာခံရန်နှင့် ကျောင်းထိုင်နာယကဆရာတော်များ၏ ဩဝါဒနှင့်အညီနေထိုင်ကြရန်လိုကြောင်း၊ ပညာရေးနောက်ကျမှုမဖြစ်စေရေး ကျောင်းနေအရွယ်ကလေးများအား နီးစပ်ရာကျောင်းများတွင် အပ်နှံသင်ကြားစေလိုပြီး ပညာရေးဌာနနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးထားပါကြောင်း၊ ငြိမ်းချမ်းရေးမလိုလားသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရစဉ် ကာလအတွင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် နေထိုင်ကြစေလိုကြောင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ထပ်မံရောက်ရှိလာသည့် အိမ်ထောင်စု ၁၄၂ စု၊ လူဦးရေ ၆၅၅ ဦးအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက သာမညကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ သင်ကြား၊ သင်ယူမှုဆောင်ရွက်နေသည့် အခြေအနေများ၊ ကျောင်းဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီးထံ အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော ပညာရေးဝန်ထမ်းများနေအိမ်နှစ်လုံး၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၄၀၉ ဒဿမ ၅၆၁ သန်းဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၁၄၀ပေ x ၃၀ပေ) RC (၂)ထပ် ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်တို့အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)