ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်း၍ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဉီးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းရုံသာမက တစ်ကိုယ်ရေကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော ရာဂဏန်းအထိရှိသည့် ဆရာ/ ဆရာမအပေါင်း၏ ကျေးဇူးတရားကြီးမားလှပုံနှင့် လူကြီးများက လူငယ်များထက် အတွေ့အကြုံများ သည့်အလျောက် မိမိတို့လူငယ်ဘဝဖြတ်သန်းစဉ် တွေ့ကြုံခဲ့သော အတိမ်းအချော်များ၊ အားနည်းချက်များ၊ သင်ခန်းစာယူစရာများကို ပြန်လည်ဆင်ခြင်ပြီး လူငယ်များကို ထိန်းသိမ်းတည့်မတ် ပေးရမည်စသည့် အကြောင်းအရာပါ လူငယ်နှင့်ပညာဆိုင်ရာစာစုများကို စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)က “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ထဲတွင် ကိုယ်တွေ့ခံစားရေးသားထားသည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများ(Book Club) အသင်းဥက္ကဋ္ဌ ဦးအေးဇော်အောင်က “နောက်တစ်ချက်ထပ်ရိုက်ပါ” စာပိုဒ်ပါအကြောင်းအရာများကို လည်းကောင်း၊ (Book Club အဖွဲ့ဝင် ဦးကျော်မျိုးထွန်းက “တပည့်တွေအကြောင်း” စာပိုဒ်ပါ အကြောင်းအရာများကို လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးကျော်ညီညီက “စိန်ခေါ်ကြစေချင်ပါသည်” စာပိုဒ်ပါ အကြောင်းအရာများကို လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးအောင်မျိုးထွန်းက “လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ” စာပိုဒ်ပါအကြောင်းအရာများကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်(BookClub)အဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)