ဟားခါး ဒီဇင်ဘာ ၁၄
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ကော်မတီများအနေဖြင့် အခမ်းအနားအား အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကော်မတီအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို တင်ပြကြရန် အမှာစကားပြောကြားသည်။
ယင်းနောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးကျော်စိုးဝင်းက ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားကျင်းပမှုအခြေအနေနှင့် လာမည့်နှစ်တွင်ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးကော်မတီနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ အလံတင်အခမ်းအနားနှင့် စစ်ရေးပြကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေးကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)