ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက “ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနား ကျင်းပမှာဖြစ်သည့်အတွက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုံစုံညီညီ တက်ရောက်ကြရန်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ မိမိတို့ရပ်ကွက်အတွက် အထူးလုံခြုံရေးသတိပြုကြရန်နှင့် သန့်ရှင်းသာယာလှစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အခက်အခဲများ ခြားလိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်‌‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဇော်က ပန်းခင်းစီမံချက်-၂ ရာနှုန်းပြည့်ပြီးစီးစေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မရှိ‌သေး‌သူများအား ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အစည်းအဝေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး စီမံကိန်းဦးစီးမှူးမှ စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့် အချက်အလက်များကို မေးမြန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှ င့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ