တောင်ကြီးမြို့ (ပင်းပက်) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ (ပင်းပက်)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က (ပင်းပက်)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (ပင်းပက်)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်လာစေပြီး ရှောင်လေဝေးဝေးမူးယစ်ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာကျင့်သုံးတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများရရှိလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်ခင်အိအိသန်းမှ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး (ပင်းပက်) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-11 ကျောင်းသား မောင်ဇင်မင်းခန့်က လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မအိသဇင်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အောင်ဇေယျက လူငယ်နှင့်အွန်လိုင်းဂိမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မငုဝါအောင်လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဝန်ထမ်းများ ခင်းကျင်းပပြသထားသည့် သုတ၊ ရသစာအုပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)