ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေးရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အခြားဗဟုသုတများတိုးပွားရရှိစေရေးအတွက် ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရေး၊ စာပေဖတ်ရှုမှတ်သားမှုနည်းစနစ်အကြောင်း၊ စာပေဖတ်ရှုမှတ်သားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ပညာပေး‌ဟောပြောခြင်းနှင့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် မိမိတို့ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းသို့လာရောက်၍ ကလေးကြိုက်ပညာပေးရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေး၊ တေဇအစရှိသည့် စာအုပ်စာစောင်များကိုလည်း အခမဲ့ဖတ်ရှု၍ရပါကြောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲစသည့် ပြိုင်ပွဲများအတွက် အချက်အလက်များလေ့လာဖတ်ရှု ရှာဖွေစုဆောင်းလိုပါကလည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်ရှာ‌ဖွေရန် ဖိတ်ခေါ်ပါကြောင်း အသိပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လျှပ်စစ်အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များနှင့် ပညာပေးရုပ်ပြစာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)