ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်ရုံများအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်း ဆန်စက်ဝင်းအတွင်းရှိ ခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်သန်းတို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စက်ရုံတာဝန်ရှိသူများနှင့် စက်ရုံအတွင်း လျှပ်စစ်မီးသွယ် တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးသတ်ရေလှောင်ကန်၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ စက်ရုံမှထွက်ရှိသည့် အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး အသိပေးပြောကြားခဲ့သည်။

ယင်းနောက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်ရုံဝန်ထမ်းများ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်ကူလျင်မြန်စွာ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး၊ ရေတို့ဖြင့် မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)