တံတားမြို့ အ.ထ.ကကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ ပြုလုပ်

တံတား ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တံတားမြို့ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် တံတားမြို့ အ.ထ.က ကျောင်းမှ ဒု-အလယ်တန်းပြဆရာမ ဒေါ်စုမွန်ခိုင်မှ မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှုတို့ကြောင့် ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ နှစ်စဉ်နှစ်တိုင်း သတိရကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ် ထိုနေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြကြောင်း၊ ထိုအထိမ်းအမှတ်ပွဲများတွင် ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့မလျော့ဆောင်ရွက်ရန် အဓိဋ္ဌာန်များ ပြုလေ့ရှိကြောင်း၊ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲအမျိုးမျိုးကိုလည်း တခမ်းတနား ဆင်ယင်ကျင်းပကြကြောင်း၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများနှင့် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် မျိုးချစ်သူရဲကောင်းများအား အတုယူကြစေရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရန်လိုအပ်ကြောင်း စသည့် အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)