ရန်ကုန် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကြက်ခြေနီလူငယ်များ၏စွမ်းဆောင်ရည်များမြှင့်တင်နိုင်ရန်အတွက် ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နည်းပညာအကူအညီများနှင့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၁၂)ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အသင်းအထွေထွေအတွင်းရေးမှူး ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Country Manager Mr. Fabio Beltramini နှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း လူငယ်အဖွဲ့အစည်းမှ International Advisor Ms. Maria တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာဒေါ်လင်းလင်းသက်က သင်တန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းအထွေထွေအတွင်းရေးမှူးနှင့်အတူ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့မှတာဝန်ရှိသူများ၊ သင်တန်းသား/သူ ကြက်ခြေနီလူငယ်များ တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၁၂)ရက်နေ့မှ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းလူငယ်အဖွဲ့အစည်း (Danish Red Cross Youth)နှင့်ပူးပေါင်းကာ သင်ကြားပို့ချပေးလျက်ရှိပြီး အသင်းဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီလူငယ်(၂၀)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)