နောင်တရားမြို့၌ စကအာလူး စတင်တူးဖော်

နောင်တရား ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးသည့် စကအာလူးများ စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။

“နောင်တရားဒေသမှာ အာလူးကို မိုးကြိုအာလူး၊ စကမိုးနှောင်းအာလူးနှင့် နွေရာသီရေသွင်းအာလူး စသည်ဖြင့် သုံးရာသီ စိုက်ပျိုးကြပါတယ်။ အဓိက စိုက်ပျိုးဖြစ်တာတော့ မားကစ်၊ မျက်နီ၊ မျိုးသစ်အာလူးတွေ ပြောင်းလဲစိုက်ပျိုးလာတာပါ ယခင်ဒေသမျိုးတွေက အထွက်နှုန်း လျော့နည်းသွားပြီ၊ အာလူးအထွက်နှုန်းနည်းရင်တော့ အရှုံးပေါ်တယ်၊ အာလူးစိုက်ပျိုးရေးစရိတ် အရမ်းကြီးတယ် မျိုးသစ်အာလူးကို ကျပ်(၃၅၀၀) အထက် ဝယ်ရတယ် နှောင်နှစ်တွေအတွက် မျိုးပြန်ရတော့ အဆင်ပြေပါတယ်၊ အထွက်နှုန်းလည်းတိုးတော့ အကျိုးအမြတ် ပိုရပါတယ် အာလူးစိုက်ပျိုးရာတွင် အကျိုးအမြတ်သေခြာဖို့အတွက် အာလူးမျိုးကောင်း၊ မျိုးသန့် ရဖို့က အဓိကကြပါတယ် အာလူးမျိုးကောင်း၊ မျိုးသန့်တွေက မများသေးတော့ မျိုးလာလူးအတွက် လိုအပ်များနေပါတယ်”ဟု နောင်တရားမြို့ အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။ အာလူးစိုက်တောင်သူများက အထွက်နှုန်းကောင်းသည့် မျိုးသစ်အာလူးများကို ရွေးချယ်စိုက်ပျိုးလာခြင်း၊ စိုက်ပျိုးရေးစနစ် ပြောင်းလဲစိုက်ပျိုးလာခြင်း၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးသုံးစွဲမှု မှန်ကန်လာခြင်း၊ သာဘာဝမြေဩဇာနှင့် ဓါတုဓါတ်မြေဩဇာများသုံးစွဲမှု အချိုးအစားမှန်ကန်လာခြင်း၊ ရေဖြန်းစနစ်မှန်ကန်ခြင်းနှင့် ရာသီဥတုကောင်းမွန်ခြင်းကြောင်း အာလူးအထွက်နှုန်း တိုးပွားလျက်ရှိသည်။

နောင်တရားဒေသ၌ စိုက်ပျိုးသည့် မျိုးသစ်အာလူးများမှာ ဘေဘီလုံ၊ ရမ်းဘား၊ ဒေသမျိုးများဖြစ်သည့် မားကစ်၊ ကားရိုးလက်နှင့် အခြားမျိုးများကို စိုက်ပျိုးကြသည်။ အာလူးစိုက်ပျိုးရာတွင် အာလူးမျိုးများကို မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး အာမခံချက်မရှိသော နိုင်ငံခြားမှ တင်သွင်းသည့် မျိုးအာလူးများ ဝယ်ယူစိုက်ပျိုးခြင်းကို ရှောင်ရှားရန် လိုအပ်ကြောင်း မျိုးရွေးချယ်မှု မှားယွင်းပါက ဆုံးရှုံးမှုများလွန်းကြောင်း အဆိုပါ တောင်သူက ပြောကြားသည်။

ခွန်အောင်(နောင်တရား)