လိပ်သို ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မြန်မာစာပေနှင့် စွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက ကျောင်းသား/ကျောင်းသူများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြီးထွားရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုထိန်းသိမ်းရန်နှင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် မှတ်သားဖွယ်ရာများအား ပြောကြားခဲ့သည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲတွင် (ထက်/လယ်)အဆင့် စုစုပေါင်း (၁၇) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် (ထက်/လယ်)အဆင့် စုစုပေါင်း (၈) ဦး၊ ကဗျာပြိုင်ပွဲတွင် မူလတန်းအဆင့် စုစုပေါင်း (၁၂) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)