ညောင်ဦး ဒီဇင်ဘာ ၁၄
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက် ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများလာပြီး ဖီးကြမ်းငှက်ပျောပေါ်ချိန် ဈေးကွက် တွက်ခြေကိုက်နေကြကြောင်း ဖီးကြမ်းငှက်ပျောစိုက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုကျေး ရွာများသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျောတစ်မျိုးထဲသာ စိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းတာကလည်း ဖီးကြမ်းငှက်ပျောသာရောင်းအားပိုပြီး ဈေးနှုန်းလည်းရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှု မရှိသလောက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးတင်စိုးကိုကပြောသည်။ ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်း စိုက်ပျိုးသည့်သူများက ငှက်ပျောသားတက်မထားကြပဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန် စိုက်ကြကြောင်း၊ တစ်ကျင်းနှစ်ပင်စိုက်တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြကြောင်း သိရသည်။ ငှက်ပျောပေါ်ချိန်သည်လည်း စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင်ပေါ်ကြောင်း ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း ပွဲစားများက ငှက်ပျောခြံထိလာရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေပေါ်အုပ်စုအတွင်းကျေးရွာများ မြေအောက်ရေ အသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများလာကြပြီးရောင်းချချိန် ငှက်ပျောတစ်ဖီးနှစ်ထောင်ကျပ်မှ နှစ်ထောင်ငါးရာကျပ်ထိ ရောင်းချနေရကြောင်း သိရသည်။
ဒီပါလင်း