ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)သို့ တက်ရောက်

ဟားခါး ဒီဇင်ဘာ ၁၄

ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းသည် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဗဟို အဆင့်၊ လုပ်ငန်းကော်မတီအဆင့်၊ ဒေသဆိုင်ရာအဆင့်စသည်ဖြင့် ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်း ဆောင်ရွက်ထားပါကြောင်း၊ MSME လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် စီးပွားရေး နိယာမနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နယ်မြေဒေသ အခြေအနေနှင့် ကိုက်ညီရန်လည်း လိုအပ်ပါကြောင်း၊ ဒေသအခြေအနေဟုဆိုရာတွင် လုံခြုံရေးသည် တစ်ခုအပါအဝင်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းများ မည်သို့ပင် ကြိုးစားဆောင်ရွက်စေကာမူ တရား ဥပဒေစိုးမိုးမှုအားနည်းနေပါက ထိရောက်စွာ ဆောင်ရွက်နိုင် မည်မဟုတ်ကြောင်း၊ MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် နွားနှောက်သားခြောက်၊ ဝဥခြောက်လုပ်ငန်း စသည်ဖြင့် တစ်ဦးချင်း၊ မိသားစုလိုက်ဆောင်ရွက်မှုကနေ စတင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် စနစ်ကျသည့် အစုစပ်၊ အများပိုင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီ စသည်ဖြင့် အဆင့်ဆင့် တိုးတက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ချင်းပြည်နယ်အတွင်း MSME လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြင်၌ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြမည့်လုပ်ငန်းရှင်များကို လုပ်ချင်ကိုင်ချင်၊ လူသာ ကိုင်သာဖြစ်စေရန်၊ ထိုမှတစ်ဆင့် ပိုမိုအောင်မြင်လာစေရန် အားပေးကူညီပေါင်းစပ် ညှိနှိုင်းပေးရမည် ဖြစ်ကြောင်း၊ “P” သုံးလုံး (Public၊ Private၊ Partnership) ပုံစံဖြင့် အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူများ နီးကပ်စွာ ဆောင်ရွက်ကြမှသာ စီးပွားဖွံ့ဖြိုးလုပ်ငန်းများ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန်အတွက် မိသားစုလုပ်ငန်း သာမက သမဝါယမအသင်းပုံစံဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ယနေ့ ဆွေးနွေးမည့်အသင်းသား (၃၅၀ဦး) ပါဝင်ဖွဲ့စည်းထားသည့် ဟားခါးမြို့နယ် ဝဥကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရေး သမအသင်း လုပ်ငန်းစတင်နိုင်ရေးကိစ္စကို ကြိုဆိုပါကြောင်းနှင့် တက်ရောက်လာကြသော ဒေသအေဂျင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက MSME လုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေမှာ တစ်ပိုင်တစ်နိုင်အဆင့်၌သာ ရှိနေသေးသဖြင့် စက်မှုလုပ်ငန်းလည်း မည်မည်ရရမရှိသေးကြောင်း၊ သို့သော် နိုင်ငံတော်မှ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် MSME မှ ချေးငွေများ စီစဉ်ဆောင်ရွက်ပေးနေသဖြင့် ချင်းပြည်နယ်အတွက် အဆိုပါချေးငွေများနှင့် မည်သည့်နေရာတွင် မည်သည့်လုပ်ငန်းများဆောင်ရွက်ရမည်ကို အစည်းအဝေးတက်ရောက်လာ ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆွေးနွေးတင်ပြရမည်ဖြစ် ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ချင်းပြည်နယ်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဟားခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ဌာနအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)