ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃) မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC (၆)ထပ် အဆောက်အဦတည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညို၊ အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သူနှင့် တာဝန်ရှိသူများက ‌အဆောက်အဦ ဆောက်လုပ်ရန်နေရာအား မြေဖို့ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးမှု၊ အဆောက်အဦဆောက်လုပ်ခြင်း ၇၀ ရာခိုင်နှုန်းပြီးစီးမှု၊ ပြင်ပရေဂါလံ(၆၄၀၀)ဆံ့ Ground Tank နှင့် Pump House 4" Tube well ဆောင်ရွက်ခြင်း ၈၅ ရာခိုင်နှုန်းပြီးစီးမှု၊ လျှပ်စစ်ရရှိရန် 400 KVA Transformer (၁)လုံးနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်း ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးမှု အစရှိသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၂၁၅၅ သန်းရရှိမှုအပေါ် ၇၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေတို့ကိုရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လာမည့်ဘဏ္ဍာနှစ်များတွင် ထပ်မံတည်ဆောက်မည့် ဆက်စပ်အဆောက်အဦများ တည်နေရာနှင့်ဒီဇိုင်းပုံစံတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦအထူးအဖွဲ့ (၁၃)၏ ကရင်ပြည်နယ် ဧည့်ရိပ်သာ တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ရန်ပုံငွေဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အလျား ၆၀ ပေ x အနံ ၈၀ပေ x အမြင့် ၂၈ ပေရှိ RC (၂)ထပ်အမျိုးအစား စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် GYM ခန်းမ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အဆောက်အဦ၏ ၅၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆောက်အဦအားလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီခန့်က ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့်အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ၍ အာဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့လှူဒါန်းခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး၏ ဖျားနာဆောင်၊ အရိုးကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်နှင့် ပြင်ပလူနာဌာနတို့တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး၍ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော အာဟာရဖြည့်စွက် အစားအစာများထောက်ပံ့လှူဒါန်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးဒေါက်တာ ဘရန်အောင်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်း ထောက်ပံ့ပေးအပ်ကာ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုပြီးလိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)