ကျိုင်းတုံခရိုင်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက အမျိုးသမီးများ၏အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးကို ဆက်စပ်သည့်ဌာနများ၊ အမျိုးသမီးကော်မတီဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများနှင့် အမျိုးသမီးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊  ကျား/မ တန်းတူအခွင့်အရေးရရှိစေရေး၊ မသန်စွမ်းအမျိုးသမီးများ အပါအဝင် အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ်ပေးနိုင်ရေး ဥပဒေ၊ မူဝါဒ စသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)