မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်

မိုင်းခုတ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ စီမံချက်အရာရှိ ဦးကျော်ဇင်လတ် ဦးဆောင်သောအဖွဲ့မှ ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံခြင်းသည် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်”ဖြင့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအား အဓိကထားဆောင်ရွက်နေသောကြောင့် ဆေးရုံတက်ကုသမှုခံယူနေသည့် မွေးလူနာအမျိုးသမီး(၅)ဦးနှင့် ငါးနှစ်အောက်ကလေး(၃)ဦး၊ စုစုပေါင်း(၈)ဦးအား ဆေးရုံတက်နေစဥ် စားစရိတ်နှင့် ခရီးစရိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)