ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့ အ.ထ.က(ခွဲ) အ.လ.က (၁) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၄

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကိုယမန်နေ့နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်မြို့နယ်ရှိ အ.ထ.က(ခွဲ)အ.လ.က(၁)ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ)အ.လ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) အ.လ.က(၁)ကျောင်းမှ ဆရာမဒေါ်ရည်ရည်ရွှေက ဖြည့်စွက်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ကျောင်းသား/သူများဖြစ်သည့် မရွှေပိုးအိမ်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရှင်းသန့်က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဝေယံမြင့်မြတ်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမြတ်နိုးဇော်က “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။  

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား  ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး ဖြည့်စွက်ဆွေးနွေးသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်သတင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဂုဏ်ပြုဆုငွေများပေးအပ်ပြီး လူငယ်စကားဝိုင်းအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများ နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြပြီး အဆိုပါလူငယ်စကားဝိုင်းသို့ အ.ထ.က(ခွဲ)အ.လ.က အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်၊ပြန်/ဆက်)