မိုင်းယောင်းမြို့တွင် နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေသန့်နှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ ရပ်တော်မူဘုရား အောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရနှင့် ဆရာတော်၊ သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် တပ်နယ်တပ်ရင်းမှ တာဝန်ရှိသူများက သတ်မှတ်ထားသော နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန်တွင် ပန္နက်တိုင်အား ရိုက်သွင်းပြီး အမွှေးနံ့သာရည်များကို ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်၍ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း နှစ်ထပ်ဆွမ်းစားဆောင် ဆောက်လုပ်နိုင်ရေးနှင့် ဓါတ်လုံစေတီ အဆင်းလမ်း ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)