မိုင်းယောင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးတင်မောင်ဝင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစိုင်းအောင်ခမ်းနှင့် အစည်းအဝေး တက်ရောက်လာသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူ၍ ဆောင်ရွက်သော လုပ်ငန်းများအပေါ် စာရင်းစစ်ဆေးပြီးစီးမှု အခြေအနေအား ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၁၉၄၀၁၉၉) ကျပ်ဖြင့် ဗလမင်းထင်ခန်းမတွင် လိုအပ်သော အသံချဲ့စက်နှင့် ပရိဘောဂများ စနစ်တကျဝယ်ယူရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝယ်ယူရေးကော်မတီနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)