နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များကို အရှိန်အဟုန်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၈) ခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေက ကလေးအလုပ်သမားတို့၏ အခွင့်အရေးများကို ကျယ်ပြန့်စွာသိရှိစေရန်ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ကလေးအလုပ်သမားဖြစ်စေသည့် အခြေခံအကြောင်းရင်းများဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူခွင့်နှင့် ကျောင်းပြင်ပပညာရေးများ သင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ခြင်း၊ ကလေးများအား ခေါင်းပုံဖြတ်ခြင်းနှင့် အန္တရာယ်ဖြစ်စေမည့်ကိစ္စရပ်များကို အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ သိရှိစေရန် အသိပညာဖြန့်ဝေခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် ကော်မတီအဆင့်ဆင့်မှ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ခုတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ(၈)ခုမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများမှ သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)