ကလော ဒီဇင်ဘာ ၁၄
ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်ပန်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)