စဉ့်ကူး ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ညီထက်အောင် ရေးသားထားသည့် “ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီး ပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ညီထက်အောင် ရေးသားထားသည့် “ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မိသားစုတစ်စုတွင် မိဘ အုပ်ထိန်းသူများအနေဖြင့် သားသမီးများကို လမ်းညွှန်မှုပေးနိုင်ရန်လိုကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို ဦးဆောင်လမ်းညွှန်မှု ပေးနိုင်ရန် လိုကြောင်း၊ မိသားစုတစ်စု၊ ကျောင်းတစ်ကျောင်းမှသည် တိုင်းပြည်တစ်ပြည်၏ လူမှုအဖွဲ့အစည်းအသီးသီးတို့တွင် ခေါင်းဆောင်မှု အတတ်ပညာကို ကောင်းစွာ လေ့လာထားရန်လိုကြောင်း၊ သို့မှသာ ထိရောက်သော ဦးဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအတတ်ပညာ သည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နေထိုင်ကြသူအားလုံး သိထား တတ်ထားရမည့်ပညာဖြစ်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ရာ တက်ရောက် လာကြသူများက မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာအပြန်အလှန် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)