ကျိုင်းတုံ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တိုးတက်အောင်မြင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ အစားအစာများလည်း တိုးတက်အောင်မြင်မှု ရရှိစေရန်အတွက် ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ တိုင်းရင်းသားရိုးရာ အစားအစာပြသ ရောင်းချပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးရဲနိုင်က အမှာစကားပြောကြားပြီး တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲ လုပ်ငန်းကော်မတီများက လုပ်ငန်းကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
တိုင်းရင်းသားရိုးရာ အစားအစာ ပြသရောင်းချပွဲတော်တွင် ရှမ်းကြီး၊ တိုင်းလိ၊ ဂုံရှမ်း၊ တိုင်းနေ၊ ဗမာ၊ ပလောင်၊ တိုင်းလွယ်၊ အာခါ၊ အားခေ၊ လီဆူ၊ လားဟူ၊ ‘ဝ’၊ အဲန်တိုင်းရင်းသားများ၏ ရိုးရာအစားအစာများကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၇ ရက်နေ့ထိ အမှတ် (၁) ရပ်ကွက်၊ အမေ့ရင်ခွင်ကျောင်းတွင် ပြသရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)