ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၁၃            

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းကို  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ် (၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယနေ့နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၅)ရပ်ကွက ၊ မြို့နယ်အားကစားခန်းမသစ်တွင်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်ပေါင်း (၂၀)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၂၀၄)ဦး၊  စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၅၀၀)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

ကျော်စွာမိုး