သာကေတ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်ရှိ ဧရာဝဏ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၁၁:၀၀)နာရီမှ နေ့လယ်(၁:၀၀)နာရီအထိ တိုင်းဒေ ကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးကြပ်၍ အရှေ့ပိုင်းခရိုင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်အေး ဦးဆောင်၍ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ(အကြို) ကွင်းဆင်းဆေးကုသခြင်း၊ ကျန်းမာရေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်တိုင်းရင်းဆေးမှူး ဆရာမကြီး ဒေါ်နွယ်နွယ်အေးမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ(အကြို)အဖြစ် မြို့နယ်အတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆေးကုသခြင်းဖြစ်သောကြောင့် မည်သူမဆို မိမိခံစားနေရသော ဝေဒနာများအား ပွင့်လင်းစွာပြောကြား၍ ဆေးကုသမှုခံယူနိုင်ကြောင်း စသည့်အကြောင်းအရာများအား ဟောပြောခဲ့သည်။ ထို့နောက် သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ထက်ထက်ဝေမှ တိုင်းရင်းဆေးပညာဦးစီးဌာန၏ လက်အောက်ရှိ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆရာအသင်းတို့၏ လုပ်ငန်းဆောင်ရွက်ချက် များအား မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ဆေးကုသမှုခံယူမည့် လူနာများအား အရှေ့ပိုင်းခရိုင်တွင်းရှိ မြို့နယ်တိုင်းရင်းဆေးမှူးများ၊ သာကေတမြို့နယ်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီးများမှ ဒူးနာ၊ ခါးနာ၊ အဆစ်ကိုက်၊ ကျီးပေါင်း၊ သွေးတိုး၊ နှလုံးရောဂါနှင့် ဆီးရောဂါဝေဒနာရှင် (၅၆)ဦးတို့အား စစ်ဆေးခြင်း၊ ဆေးဝါးများပေးခြင်း၊ ဆေးကပ်ခြင်း ကုထုံးများဖြင့် (အခမဲ့) ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်နှင်းဖြူ (ပြန်/ဆက်)