နေပြည်တော် ဒီဇင်ဘာ ၁၃
သာသာနာရေးကိစ္စရပ်များ၊ အားကစားကဏ္ဍများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ မြို့နယ် (၈) မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဥပသကာအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဘာသာ သာသနာရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားကြရန်နှင့် အားကစားကဏ္ဍကိုလည်း လူငယ်များအတွက် စဉ်ဆက်မပြတ်ပြိုင်ပွဲများကို ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် (၈) မြို့နယ်အတွင်းရှိ ဥပသကာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သာသနာရေးကိစ္စရပ်များနှင့် အားကစားကဏ္ဍများကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)