လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ယူနန်ဘုံကျောင်းမိသားစုမှ ဆန်များလှူဒါန်း

လားရှိုး ဒီဇင်ဘာ ၁၃

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လားရှိုးယူနန်ဘုံကျောင်းအဖွဲ့မှ စားနပ်ရိက္ခာများကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ယာယီနေရပ်စွန့်ခွာစခန်းများတွင် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လားရှိုးယူနန်ဘုံကျောင်းအဖွဲ့သည် ရွှေပြည်အေးဓမ္မရိပ်သာကျောင်းတိုက်၊ မန်အိုင်ကျောင်းတိုက်နှင့် လားရှိုးကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တို့တွင် ယာယီနေရပ်စွန့်ခွာသူများအတွက် ဆန်များ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ် ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်၊  ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအပါအဝင် ယာယီတိုက်ပွဲရှောင်စခန်း (၂၀)ကျော်ခန့်ထိရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)