နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နမ့်စန် (တ) ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီခွဲက မြို့နယ်ကျောက်တိုင်အားကစား ကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အထက (နမ့်စန်) ဘောလုံးအသင်းနှင့် အထက (မြို့မ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အထက (နမ့်စန်) ဘောလုံးအသင်းက ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နေရာအလိုက် အကောင်းဆုံးဆုရ အားကစား သမားများနှင့် ပွဲစဉ်တလျှောက်အကောင်းဆုံးအားကစားသမားဆုများကို မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုကိုနှင့် အထကကျောင်းအုပ်ကြီးများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တတိယဆုရရှိသော အထက (ခိုလမ်) ဘောလုံးအသင်းကို Smile Palace Guest House ပိုင်ရှင် ဦးဘိုစန်းနှင့်  ဒုတိယဆုရရှိသော အထက (မြို့မ) ဘောလုံးအသင်းတို့ကို NITHI Company Limited မှ မန်နေဂျာ ဦးမင်းမင်းဦးတို့က တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အထက (နမ့်စန်) ဘောလုံးအသင်းကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၅) သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)