ညောင်ဦး ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် မွေးမြူရေးနှင့် တွဲဖက်ကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ပိုမိုများလာခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်ကျေးရွာ ဂွေးကုန်းကျေးရွာ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရင်း တောင်သူလုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်ဆန်းက ပြောကြားသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် ယာမြေလုပ်ကိုင်သည့် တောင်သူများ၊ ဥယျာဉ်ခြံမြေ လုပ်ကိုင်သည့် တောင်သူများနှင့်ကိုင်း၊ ကျွန်းလုပ်ကိုင်သည့် တောင်သူများ အမျိုးမျိုးရှိကြပြီး မွေးမြူရေးလုပ်ငန်းများနှင့် တွဲဖက်လျက် နွားမွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ ဥစားကြက်မွေးမြူခြင်းများလည်း စီးပွားဖြစ် တွဲဖက်လုပ် ကိုင်လျက်ရှိကြကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်တောင်သူများသည် နွားမွေးမြူရေးလုပ်ငန်းတွင် စပ်မျိုးနွားများ မွေးမြူကြပြီး၊ နွားထီးမွေးလာပါက ခိုင်းနွားအဖြစ် ပြန်လည်ရောင်းစားခြင်းနှင့် နွားမပေါက်လာပါက မျိုးပွားနွားမအဖြစ် ထပ်မံထားရှိကြကြောင်း၊ နွားမွေးမြူရေး၊ ဆိတ်မွေးမြူရေးနှင့် ဥစားကြက်မွေးမြူခြင်းများသည် ကျေးလက်တောင်သူများ မိမိတို့စိုက်ခင်းများအတွက် မြေဩဇာနှင့် မြေဆီမြေနှစ်အဖြစ် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး တို့အား မြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်းများနှင့် ပြန်လည်ရောင်းချခြင်းများဖြင့် မွေးမြူရေးနှင့် စိုက်ပျိုးရေး တွဲဖက်လုပ်ကိုင်လာသူ များပြားလာခဲ့ကြောင်း သိရသည်။ နွားချေး ပြန်လည်ရောင်းချရာတွင် ပုဇဉ်းခေါင်းထော်လာဂျီ တစ်စီး ၃၅၀၀၀ ကျပ်၊ ဆိတ်ချေး ပုဇဉ်းခေါင်းထော်လာဂျီတစ်စီး ၄၅၀၀၀ ကျပ်နှင့် ကြက်ချေး တစ်တင်းခွဲအိတ်တစ်အိတ် ၃၅၀၀ ကျပ်ရောင်းချရကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ၌ နွားမွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ ကြက်မွေးမြူရေးနှင့် ဝက်မွေးမြူရေး စီးပွားဖြစ် လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် အများအပြား မွေးမြူလုပ်ကိုင်လျက်ရှိကြောင်းလည်း သိရကာ ကျောက်ပန်းတောင်းမြို့နယ်၌ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတွဲဖက် လုပ်ကိုင်သည့် ကျေးလက်တောင်သူ များပြားလာကြောင်း သိရသည်။
ဒီပါလင်း