လယ်ဝေး ဒီဇင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်လင်းအောင်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-11 မှ ကျောင်းသား ကျောင်းသူလေးများဖြစ်သည့် မမေသံစဥ်က လူငယ်နှင့်စာဖတ်ခြင်း၊ မပြည့်ပြည့်ဖြိုးက လူငယ်နှင့်ကျန်းမာရေး၊ မစိုးစံသူက လူငယ်နှင့်ယဥ်ကျေးမှု၊ မောင်ဖြိုးသီဟက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူလေးများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေး စာအုပ်ပြပွဲများအား ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)