သရက်ချောင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်း

သရက်ချောင်း ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်အတွက် မိုးစပါးများရိတ်သိမ်း နေပြီဖြစ်ရာ မြို့နယ်အတွင်းမိုးစပါး(၂၆၀၁၆)ဧက လျာထားစိုက်ပျိုးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စုစုပေါင်းမိုးစပါး(၂၀၂၅၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း တစ်ဧက အထွက်နှုန်းမှာ ၇၃.၅၇ တင်းရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မိုးစပါးများကို ရိတ်သိမ်းခြွေလှေ့စက်များအသုံးပြု၍ ရိတ်သိမ်းခြွေလှေ့နေကြသည်ကို တွေ့ရသည်။ စက်စွမ်းအားဖြင့်ဆောင်ရွက်သဖြင့် အချိန်ကုန်သက်သာ၊ လူသက်သာ၊ လုပ်ငန်းတွင်ကျယ်လှသည်။ သီးနှံမျိုးစုံတို့ကို အချိန်ကိုက်ရာသီချိန်အမီ စိုက်ပျိုးနိုင်ကြသည်။ ယခင်ကအသုံးပြုသော မိရိုးဖလာ ကျွဲ၊ နွားများနေရာတွင် လယ်ယာသုံး စက်ရိယာများက အစားထိုးနေရာယူလာကြပြီဖြစ်ကြောင်း သိရပြီး ယခင်နှစ်က တောင်သူများမှာ စပါးဈေးနှုန်းပိုမိုရရှိကြသော်လည်း လက်ရှိဈေးကွက်တွင် စပါးအဝယ်အေးနေသေးကြောင်း မြို့နယ်အတွင်း ရာနှုန်းပြည့်စပါးရိတ်သိမ်းပြီးပါက ဆန်ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်း အတက်အကျရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးဇော်မင်းထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)