ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ၊ အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်းမှ မောင်မင်းသူအောင် (Grade-12)က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းသီရိကျော် (Grade-9)က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မြတ်မင်းထက် (Grade-12) က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသရဖီ (Grade-9)က လူငယ်နှင့်အနာဂတ်ပန်းတိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်၊ စာစောင်များ၊ အသိပညာပေး နံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)