၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်  ဒီဇင်ဘာ  ၁၃

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (၃)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်း (ခွဲ) များမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စီမံချက်များရေးဆွဲရာတွင် စနစ်တကျရေးဆွဲ အကောင်အထည်ဖော်ဆောင်သွားကြရန်နှင့် မြို့နယ်များ၊ကျောင်းများအလိုက် ဘာသာရပ် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပြီး ကျောင်းသား/ကျောင်းသူများကို အနီးကပ်ကြီးကြပ်၍ အောင်ချက်မြင့်မားရေးဆောင်ရွက်သွားကြရန်နှင့် ဘာသာရပ်အခက်အခဲရှိသော ကျောင်းများတွင် သင်ကြားရေးကဏ္ဍ ဖြည့်ဆည်းပေးနိုင်ရေး ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကျောက်ဆည် တက္ကသိုလ်မှ ဆရာ/ဆရာမများအား ဖိတ်ကြား၍ အလုပ်ရုံဆွေးနွေးပွဲ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဆရာကြီး/ဆရာမကြီးများမှ မိမိတို့ ကျောင်းများအလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ ခရိုင်ပညာရေးမှူး က လုပ်ငန်းများ အောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)(၂၀)ကျောင်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၆၉၇)ဦး၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ) (၁၆)ကျောင်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၅၈၃)ဦး၊ မြစ်သားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့်အထက်တန်းကျောင်း(ခွဲ) (၁၇)ကျောင်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၄၁၈)ဦးရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။ 

သက်မောင်(ကျောက်ဆည်)