မိတ္ထီလာမြို့နယ်တွင်  ၁၃၈၅ ခုနှစ် စာဆိုတော်နေ့နှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၁၃၈၅ခုနှစ် စာဆိုတော်နေ့နှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးအသင်း အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်က မြန်မာနိုင်ငံစာရေးအသင်း(ဗဟို)မှ ပေးပို့လာသော ၁၃၈၅ခုနှစ် စာဆိုတော်နေ့ သဝဏ်လွှာအား ဖတ်ကြား ခဲ့သည်။ ၎င်းနောက် မြို့နယ်စာရေးဆရာအသင်း နာယက စာရေးဆရာ ဘိုမျိုး(ရွှေဘို)က ၂၀၂၃ခုနှစ်အတွင်း မြို့နယ်စာရေးဆရာအသင်း၊ အသင်းဝင်စာရေးဆရာ (၄)ဦးမှ စာပေဆုပေါင်း ၇ ဆု ရရှိခဲ့မှုကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းသို့ အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်က ဂုဏ်ပြု လက်မှတ်များ ပြန်လည် ပေးအပ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်အတွင်း စာပေဗိမာန်စာမူဆု၊ ပခုက္ကူစာပေဆု၊ ပညာ့တန်ဆောင် စာပေဆုနှင့် စိမ်းလန်းရွှေပြည်စာပေဆုရရှိသည့် စာရေးဆရာများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီး ၁၃၈၅ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်ကော်မတီဝင် ဆရာမြင့်မားအောင်က စာဆိုတော်နေ့အကြောင်း ဟောပြောခဲ့ပြီး စာရေးဆရာများက စာဆိုတော်နေ့ ဂုဏ်ပြုကဗျာများ ရွတ်ဖတ်ခဲ့ကြကြောင်း သိရသည်။                                  

သိန်းမြင့်ကျော်(မိတ္ထီလာ)