ကလိန်အောင် ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ရှိ တောင်သူများသည် တစ်နှစ်ပတ်လုံး မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ သီးနှံပင်များ မျိုးစုံစိုက်ခင်းကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
ကလိန်အောင်မြို့တွင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များဖြစ်သော ငရုတ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ တိုင်ထောင်ပဲ အစရှိသည့် သီးနှံပင်များကို တစ်နှစ်ပတ်လုံး မြေနုကျွန်းပေါ်များဖြစ်သည့် ကိုင်း၊ ခြံများတွင် မြေအောက်ရေဖြင့်သွင်း၍ စိုက်ပျိုးရောင်းချရပြီး မိသားစုများ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိကြောင်း အဆိုပါ စိုက်ပျိုးသူတစ်ဦးက ပြောသည်။
"ဒီနှစ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအကုန်လုံးက ဈေးကောင်းကြပါတယ်၊ စိုက်ပျိုးစရိတ် ကလည်း အရင်ကထက် ကုန်ကျမှုအရင်းအနှီးများတယ် " ဟု ကလိန်အောင်မြို့ရှိ သစ်သီးဝလံ သီးနှံမျိုးစုံ စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို ထားဝယ်မြို့နှင့် ကံပေါက်ကျေးရွာများမှ ဈေးသည်များက ကိုင်းစိုက်ခင်းထဲအထိ ဖောက်သည် လာရောက်ဝယ်ယူကြပြီး တဆင့်ပြန်လည်၍ ရောင်းချကြသည်။
ကလိန်အောင်မြို့ရှိ တောင်သူများသည် တစ်နှစ်ပတ်လုံး မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပင်များ စိုက်ပျိုးကြသလို ဥယျာဉ်ခြံများတွင်လည်း ကွမ်း၊ ရော်ဘာ၊ သံပုရာ၊ အုန်းပင် အစရှိသည့် နှစ်ရှည်သီးနှံ အပင်များကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်ကြသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)