သာကေတ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ကာ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦစွာ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်ကကျေးဇူးတင်စကားပြောကြားခဲ့ပြီး အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ခဲ့ရာ သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၉)ဦးတို့မှ လူငယ်နှင့်စာရိတ္တ၊ မူးယစ်ရန်စွယ်တို့ကာကွယ်၊ အစဥ်ရှေးရှုမြန်မာ့ယဥ်ကျေးမှု၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာအုပ်စာပေလူ့မိတ်ဆွေစသည့်ခေါင်းစဥ်အသီးသီးဖြင့်ယှဥ်ပြိုင်ခဲ့ရာ ပထမဆုကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ (Grade-12)မှ မောင်မင်းသွင်ခန့်၊ ဒုတိယဆုကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ (Grade-10)မှ မမြ၀တ်ရည်၊ တတိယဆုကိုအမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ (Grade-11)မှ မအိကြည်ဖြူ၊ အထူးဆုကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ (Grade -10)မှ မရှင်မိုးဧတို့က အသီးသီးရရှိခဲ့ကြပြီး တာ၀န်ရှိသူများမှ ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမဇွန်ဖြူ(ပညာရေး)၊ အလယ်တန်းကျောင်းအုပ်(ငြိမ်း)က လူငယ်နှင့်နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)