မန္တလေးတက္ကသိုလ်တွင် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ  ၁၃

အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသား၊အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားတစ်ခုအဖြစ်ပါဝင်နိုင်‌စေရန်၊ ဗလငါးတန်းနှင့်ပြည့်စုံစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးရခြင်းဖြစ်‌ကြောင်း၊ ရှင်းလင်းပြောကြားခဲ့ပြီးအမျိုးသား၊ အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲသို့ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ် အသီးသီးမှ ပါမောက္ခ (ဌာနမှူး) ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး ဗိုလ်လုပွဲများကို ညနေပိုင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြပြီး အင်္ဂလိပ်ဘာသာရပ်အသင်းနှင့် သမိုင်းဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်္ဂလိပ်စာဘာသာရပ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပြီး ဆုရရှိသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များက ဂုဏ်ပြုငွေနှင့် ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း