မိုးကုတ် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိတ်စွယ်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ခြင်း အသိပညာပေးဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစု ခြင်းအခြေခံသဘောတရားများကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှုးဦးဆောင်၍ ကြက်ခြေနီနည်းပြဆရာ/ဆရာမများ လူငယ်ကြက်ခြေနီကော်မတီဝင်များက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိတ်မိခြင်း၊ မူးမေ့ခြင်း၊ ပတ္တီးစီးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်အသိပညာပေးဟောပြောသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)