မိတ္ထီလာ ဒီဇင်ဘာ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံအမျိုးသမီးအမျိုးသား ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဘာသာရပ်ပေါင်းစုံ အမျိုးသမီးအမျိုးသား မီနီမာရသွန်ပြိုင်ပွဲ၊ မီတာ ၁ဝဝ အပြေးပြိုင်ပွဲ၊ မီတာ ၁ဝဝ လေးယောက်တွဲလက်ဆင့်ကမ်းပြိုင်ပွဲ၊ အလျား ခုန်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲနှင့် သံလုံးပစ် ပြိုင်ပွဲများကို နံနက် ၇ နာရီအချိန်က စတင်ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နေအောင် ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်နှင်းအိ နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲအသီးသီး၌ ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများမှ ကျောင်းသူကျောင်းသား များအား ဒုတိယ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက တစ်ဦးချင်း ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက် လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရူပဗေဒအသင်းအား တံခွန်စိုက်ဒိုင်းဆုကို ပါမောက္ခချုပ် ဒေါက်တာ ဘဟန်က ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် သင်္ချာ၊ ဒဿနိက၊ သမိုင်း ၊ ရုက္ခ ဗေဒ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ပထဝီဝင် ၊ သတ္တဗေဒ ၊ မြန်မာစာ ၊ ဥပဒေပညာနှင့် ဘူမိဗေဒအသင်းတို့မှ ပြိုင်ပွဲကျောင်းသူကျောင်းသားက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းသာ