မိုးကုတ်မြို့၌ မြို့နယ်လုံးဆိုင်ရာ ဥပတ္တမ္ဘကအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုးကုတ်  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ မြို့နယ်သံဃနာယကဆရာတော်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ပဋိယတ္တိစာမေးပွဲဆိုင်ရာကိစ္စရပ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်လုံးဆိုင်ရာ ဥပတ္တမ္ဘကအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်၊ မဟာမုနိဘုရား ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကဆရာတော်များ၏ ဩဝါဒကိုခံယူပြီး မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့မိ/မြို့ဖများ၊ လူမျိုးရေးအသင်းအဖွဲ့များနှင့် ဘာသာရေးအသင်းအဖွဲ့များပါဝင်သည့် မြို့နယ်လုံးဆိုင်ရာ ဥပတ္တမ္ဘကအဖွဲ့ဝင်များအား ​ရွေးချယ်၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းသိရှရပြီး လာမည့်ပြာသိုလပြည့်နေ့၌ ယခုနှစ်တွင် မိုးကုတ်မြို့နယ်စာဖြေဌာနမှ ဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာစာမေးပွဲအောင်မြင်ခဲ့ကြသည့် ရဟန်းသံဃာ/သာမဏေများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ စုစု ပေါင်း (၁၀၈)ဦးတို့အား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)