ဘားအံ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်း

ဘားအံ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးသော သင်ခန်းစာများကိုသေချာစွာလေ့လာ အသုံးချ၍ မိမိရပ်ရွာအကျိုး၊ ပြည်နယ်အကျိုးကို မိမိမိသားစုမှသည် ပြည်နယ်အထိ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းသယ်ပိုးကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သည် ယနေ့ခေတ်၌ တွင်ကျယ်ခေတ်စားနေပြီး သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို လေ့လာရုံသာမက လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှ ရရှိသော အသိပညာ၊ ဗဟုသုတများဖြင့် ပေါင်းစပ်လုပ်ကိုင်မှသာ ဘဝရပ်တည်နေထိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ် အနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှပါဝင်အားဖြည့်ကူညီနိုင်မည် ဖြစ်ကြောင်း၊ လျှပ်စစ်သင်တန်းမှ နည်းပညာများဖြင့် မိမိတို့၏စိတ်ကူးစိတ်သန်းအကြံဉာဏ်များ ဖြည့်စွက်၍ တီထွင်ကြံဆလုပ်ကိုင်နိုင်ခြင်းဖြင့် သင်တန်းသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ မလွဲမသွေရရှိလာမည်ဖြစ်ပြီး မိမိတတ်ကျွမ်းထားသည့် ပညာရပ်များနှင့် ရပ်ရွာ အကျိုး၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထူးချွန်သင်တန်းဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့် သည်။

ယင်းနောက် သင်တန်းဆင်း သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြား ကာ သင်တန်းဆင်းလက်ရာများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ဘားအံမြို့၊ ဘားအံ-လှိုင်းဘွဲလမ်းဆုံမှ လှိုင်းဘွဲဘက်ခြမ်းသို့ အရှည်ပေ ၆၀၀၀ ခန့်အား လမ်းဘေးဝဲယာနှစ်ဖက်တွင် တစ်ဖက်လျှင်ပျှမ်းမျှ ၁၂ ပေအကျယ် မြေသားတိုးချဲ့ခြင်းလုပ်ငန်းနှင့် ဘားအံမြို့ ဝါဆိုဦး(၁)လမ်းမှ မဲဘောင်တံတား ကြား လမ်းဘေးဝဲယာနှစ်ဖက်တွင် အရှည် ၃၆၃၂ ပေ၊ ၃ ပေအကျယ် ၂ ပေအနက်ရှိ အုတ်စီရေမြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့်ဒေသဖြစ်သည့်အတွက် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများအား စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)