ကော့မှူး ဒီဇင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ အ.မ.က နတ်စင်ကုန်း(မြောက်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသူတွေဟာ သူများထက်မသိတာမရှိ၊ ကိစ္စတိုင်းကို စူးစမ်းလိုစိတ်ပြင်းပြီး မိမိကိုယ်တိုင်ဘယ် အလုပ်ကို ဝါသနာပါတယ်ဆိုတာတောင် ခန့်မှန်းနိုင်ကြကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ စာအုပ်စာပေဆိုတာ ဘဝအတွက် တည်ငြိမ်အေးချမ်းသော သူငယ်ချင်း၊ သဘောထားကြီးတဲ့ ဆရာတစ်ဆူဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ ပြန်/ဆက်