မိတ္ထီလာ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် တည်ပင်ကုန်းကျေးရွာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(တည်ပင်ကုန်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ကိုသစ္စာ (ထီလာ)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေ မြသင်းကြိုင်က ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကား ဝိုင်းကျင်းပ ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း (တည်ပင်ကုန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးမိုးအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်ကာ အခြေခံပညာအထက်တန်းကျောင်း(တည်ပင်ကုန်း)မှ ကျောင်းသားကျောင်းသူများက လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့်သူ၏ဝါသနာ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာမှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(တည်ပင်ကုန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးမိုးအောင်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)