ကျိုင်းတုံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း ပြည်သူများ၏ စားရေးအတွက် အဓိကကျသော ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးနှင့် အခြားသောကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး လက်တွေ့ကျပြီး အမှန်တကယ်ထိရောက် အကျိုးရှိမည့် နည်းလမ်းများဖြင့် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များကဒေသအတွင်း စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ထုတ်ကုန်/ပို့ကုန် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်စည်အဝင်အထွက်မျှတမှုရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသအတွင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများစသည့် ဒေသအတွင်း ကုန်ပစ္စည်းထုတ်လုပ်မှုတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးဆိုင်ရာ ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သတ်၍ အသီးသီးဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)