လားရှိုးမြို့အနီး ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင် အလှူရှင်များက စားသောက်စရာများ လှူဒါန်း

လားရှိုး ဒီဇင်ဘာ ၁၂

လားရှိုးမြို့အနီး မြို့ရှောင်လမ်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများအား လားရှိုးမြို့ရှိ စေတနာရှင်အလှူရှင်များက စားသောက်စရာများနှင့် ကျန်းမာရေးလိုအပ်ချက်အတွက်‌ ဆေးဝါးများ သွားရောက်လှူဒါန်းပေးလျက်ရှိနေကြောင်း သိရသည်။

လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီမြို့များဘက်တွင် သွားရောက်အလုပ်လုပ်ကိုင်သူများ၊ ဒေသခံများသည် လားရှိုးမြို့အနီး လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးမှတစ်ဆင့်  အခြားမြို့များသို့ပြန်ကြရာ ၎င်းတို့အတွက် လိုအပ်ချက်များကို စေတနာရှင်အလှူရှင်များက လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

“လောက်ကိုင်ဘက်ကနေလာကြတဲ့ ယာယီနေရပ်စွန့်ခွာသူတွေကို မြို့ရှောင်လမ်းကနေစောင့်ပြီး သူတို့လိုအပ်ချက်ရှိနိုင်တဲ့ စားသောက်ဖွယ်ရာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားရောက်လှူဒါန်း ပေးတာပါ။” အလှူရှင်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်လည်း ယာယီနေရပ်စွန့်ခွာသည့် စခန်း(၂၀)ခန့်ထိရှိနေပြီး စေတနာရှင်အလှူရှင်များက လိုအပ်သည်များ ပေးပို့လှူဒါန်းလျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)